Thursday, May 10, 2018

တောင်သူများ ကိုယ့်မျိုးကိုယ်ထား ခေါင်နှံမျိုးသန့်စပါး စိုက်ပျိုးထုတ်လုပ်နည်းစနစ်




ခေါင်နှံရွေးချယ်စိုက်ပျိုးရန်ဘာကြောင့်လိုအပ်ပါသလဲ?- သီးနှံအထွက်တိုးစေရန် ပံ့ပိုးရမည့် သွင်းအားစုများတွင် မျိုးစေ့သည် ကုန်ကျစရိတ် အနည်း ဆုံးသော သွင်းအားစု ဖြစ်သည်။
- မျိုးကောင်းမျိုးသန့် မျိုးစေ့များကို အသုံးပြုခြင်းဖြင့် သာမန်အထွက်နှုန်းထက် (၁၀ - ၁၅) ရာခိုင်နှုန်း ပိုမိုထွက်ရှိနိုင်ပါသည်။
- တောင်သူများ လက်ရှိစိုက်ပျိုးနေသော အထွက်ကောင်းစပါးမျိုးများကို မျိုးကောင်းမျိုးသန့် စပါးမျိုးဖြင့် (၃) နှစ်တစ်ကြိမ် သွေးသစ်လောင်း လဲလှယ်စိုက်ပျိုးခြင်းဖြင့် စပါးအထွက်နှုန်း တိုးရေးကို
အထောက်အကူပြုပါသည်။
- မျိုးကောင်းမျိုးသန့်စပါး လိုအပ်ချက်ကို အကောင်းဆုံး ဖြေရှင်းနိုင်သော နည်းလမ်းတစ်ရပ်မှာ တောင်သူများ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်သော ကိုယ့်မျိုးကိုထား ခေါင်နှံမျိုးသန့်စပါး စိုက် ပျိုးခြင်း နည်းပညာပင်ဖြစ်ပါသည်။
(၁) ခေါင်နှံရွေးချယ်သင့်သော စပါးခင်း
မျိုးသန့်မျိုးပွားမျိုးစေ့ စတင် အသုံးပြုစိုက်ပျိုးထားသော စိုက်ခင်း (သို့) စီးပွားဖြစ် မျိုးသန့်မျိုး စေ့ စိုက်ခင်း (သို့) (၃) နှစ် တစ်ကြိမ် သွေးသစ်လောင်းလဲလှယ်စိုက်ပျိုးရန် မလိုသည့်စပါးခင်း။
(၂) ခေါင်နှံ ရွေးချယ်နည်း
မျိုးမှန်သောကောက်ရုံ၏ အသန်စွမ်းဆုံး ပင်မနှံသည် ခေါင်နှံဖြစ်သည်။ ကောင်းစွာရင့်မှည့်ပြီး ရိတ်သိမ်းခါစ စပါးခင်းမှ ခေါင်နှံ (၅၀၀) ကို အလံရွက်အောက်ခြေမှ ဖြတ်ယူပါ။
(၃) ခေါင်နှံ (၅၀၀) အား အလံရွက်အားလုံးကို ဖယ်ရှားပြီး ကြိုးစည်း၍ အနည်းဆုံး (၃-၅) ရက် ခန့် နေလှန်းပါ။
(၄) ပျိုးထောင်ရန်အတွက် အခြောက်လှန်း ရိတ်သိမ်းထားသော ခေါင်နှံ (၅၀၀) မှ မျိုးစေ့အရွယ် အစား၊ ပုံသဏ္ဍာန်၊ တူညီသည့် အကြီးဆုံး တစ်နှံပါအောင်စေ့အများဆုံး၊ အဖျင်းအနည်းဆုံး၊ ရောဂါအကင်းဆုံး ခေါင်နှံ (၂၅၀) ကိုထပ် မံရွေးချယ်ပါ။
(၅) သမန်းစိုပေါင်ပျိုးထောင်ရန် (၃) ပေ x (၄၅) ပေ အရွယ် ပျိုးပေါင်ပြုလုပ်ပါ။
(၆) ပေါင်ပေါ်တွင် စပါးအနှံများကို အနှံလိုက်ပျိုးထောင်ရန် (၄) လက်မ စီခြားသော စိုက်မြောင်း (၁၂၅) မြောင်းကို ဝါးချွန်ဖြင့် စိုက်မြောင်းအရာပေးပါ။
(၇) စိုက်မြောင်းတစ်မြောင်းစီအတွင်း၌ ခေါင်နှံ (၂) နှံအား စိုက်မြောင်းအလယ်တွင် အနှံရိုးခြင်း ထိပ်ခြင်းဆိုင်၍ ဘေးတစ်ဘက်တစ်ချက်စီတွင် အနှံများကို အလိုက်သင့် မြောင်းအတွင်းချပါ။
(၈) စိုက်မြောင်းအားလုံးကို အနှံချပြီးလျှင်ပြီးချင်း မြေမှုန့်ပါးပါးဖြင့် ဖြူးပေးပါ။
(၉) ရေမပြတ်အောင်ထား၍ ပိုးမွှားရောဂါကျရောက်မှုကို ကာကွယ်ပါ။
(၁၀) ပျိုးသက် (၂၀-၂၅) ရက်အတွင်း ခေါင်နှံတစ်နှံစီမှ အသန်စွမ်းဆုံးပျိုးပင် (၅၀) ကို လက် သပ်ရွေးနှုတ်ပြီး တစ်နှံမှရရှိသော ပျိုးပင် (၅၀) ကို ပျိုးစီး (၁) စီးစီစည်းပါ။ စုစုပေါင်းအနှံ(၂၅၀) မှ ပျိုးစီး (၂၅၀) ရရှိမည်။
(၁၁) ပျိုးစီးတစ်စီးလျှင် ကောက်တန်းတစ်တန်းတည်း စိုက်ပါ။ ပျိုးစီးတစ်စီးရှိ ပျိုးပင်(၅၀) မှ အသန်စွမ်းဆုံး ပျိုးပင် (၃၀) ကို ရွေးချယ်၍ လက်ဆတစ်ပင်ချင်းစနစ်ဖြင့် တစ်တန်းနှင့် တစ် တန်း (၁၀) လက်မ၊ တစ်ပင်နှင့်တစ်ပင် ၁၀ လက်မထား၍ စိုက်ပါ။
(၁၂) ခေါင်နှံပျိုးစီးတစ်စီးမှ ပျိုးပင် (၃၀) ကို ကောက်တန်းတစ်တန်းစနစ်ဖြင့် စိုက်ပျိုးပါက တစ် တန်းလျှင် ပျိုးပင် (၃၀) ဖြင့် ကောက်တန်း (၂၅၀)၊ ပျိုးပင်ပေါင်း (၇၅၀၀) အတွက် ၀.၁၂ဧက လိုအပ်မည်ဖြစ်ပါသည်။
(၁၃) မျိုးကွဲ ပယ်နှုတ်ခြင်းလုပ်ငန်းကို ပြောင်းရွေ့စိုက်ပြီး (၂၅) ရက်၊ ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန် တို့တွင် ဆောင်ရွက်ရန် ဖြစ်ပါသည်။ မျိုးမမှန်သော အပင်များကို တစ်ပင်းချင်းအရ လည်း ကောင်း၊ အတန်းလိုက်လည်းကောင်း၊ မိမိမျက်မြင်အတိုင်း စိတ်တိုင်းကျ ဆုံးဖြတ်၍ ပယ်ရန်ဖြစ် ပါသည်။
(က) အပင်အမြင့်
(ခ) အပင်ပုံသဏ္ဍာန်
(ဂ) ပန်းပွင့်ချိန်စောလွန်းခြင်း၊ နောက်ကျခြင်း
(ဃ) စပါးစေ့အရွယ်အစားအရောင်
(၁၄) ကျန်ရှိသော မျိုးမှန်အပင်များကို မောင်းညိုချိန်တွင် ရိတ်သိမ်း၍ စနစ်တကျ ချွေလှေ့ သန့် စင်ပြီးနောက် အခြောက်ခံ၍ မျိုးသန့်စပါးအဖြစ် သိုလှောင်သိမ်းဆည်းရန်ဖြစ်ပါသည်။
(၁၅) ရရှိသော မျိုးသန့်မျိုးစေ့များကို စနစ်တကျ နမူနာရယူ၍ မျိုးစေ့ဓါတ်ခွဲခန်းတွင် စစ်ဆေး ပါ။
(၁၆) စိုက်ဧက (၀.၁၂) ဧကမှ တစ်ဧကအထွက်နှုန်း (၅၀) တင်းနှုန်းဖြင့် မျိုးသန့်စပါး (၆) တင်း ခန့် ရရှိမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တစ်ဧကလျှင် စပါး (၁.၅) တင်းနှုန်းဖြင့် တွက်ချက်ပါက လာမည့်နှစ်တွင် စပါးမျိုးသန့်စိုက်ဧက (၄) ဧကအတွက် မျိုးသန့်စပါးရရှိပြီးဖြစ်ပါသည်။
စပါးခေါင်နှံပင်၏ ထူးခြားသောလက္ခဏာများ
(က) သာမန်စိုက်ခင်းနှင့် နှိုင်းယှဉ်ပါက ခေါင်နှံစိုက်ခင်းသည် အပင်ရှင်သန်ဖွင့်ဖြိုးမှု ပိုမိုကောင်း မွန် ပါသည်။
(ခ) (၁၀ x ၁၀) လက်မ စနစ်ဖြင့် စိုက်ပျိုးထားသော ခေါင်နှံစိုက်ခင်းသည် မှို့ကပ်ချိန်တွင် နေပြောက် မထိုးနိုင်သည်အထိ ကောက်ကွက် မျက်နှာပြင်အားလုံး ပင်ပွားစုံညီစွာ ပိတ်သွားပါ သည်။
(ဂ) အာဟာရဓာတ် ချို့တဲ့မှုလက္ခဏာဖြစ်သည့် အရွက်အစိမ်းရောင်ကျဆင်း၍ ဝါဖျော့ခြင်းမရှိဘဲ အစိမ်းရောင်ကို ထိန်းသိမ်း၍ ရှင်သန်ကြီးထွားပါသည်။
(ဃ) ပုံမှန်စိုက်ခင်းများထက် ခေါင်နှံစိုခင်းသည် ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး ရောဂါလက္ခဏာများ ကို လုံးဝမတွေ့ရပါ။
(င) စပါးနှံတွင် အောင်စေ့ ပါဝင်မှုများခြင်း၊ အဖျင်းမပါခြင်းနှင့် အထွက်နှုန်းတို့တွင် ခေါင်နှံစိုက် ခင်းသည် ရိုးရိုးစိုက်ခင်းထက် ပိုမိုသာလွန်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန

No comments:

Post a Comment