Saturday, October 20, 2018

လက်တွေ့အသုံးချ ဆေးနည်းတို (ဆေးမြီးတို)များ (၆၂)


ကြည်လွင်မြင့်(မုဒြာ)
ဆရာကြီးရှင့်၊ သင်္ဘောရွက်က ကင်ဆာပျောက်တယ် ပြောတာ အဖိုပင်နဲ့ အမပင် ဘယ်အရွက်ကို သောက်ရ တာလဲ၊  ဘယ်လိုသောက်ရတာလဲ   သိချင်လို့ပါ။ ကျေးဇူးပြုပြီး ပြောပြပေးပါရှင့်။
ကင်ဆာရောဂါအတွက် တိုင်းရင်းဆေးကို ယုံကြည် သုံးစွဲလိုသူတွေ တစ်ဖက်တစ်လမ်းက အထောက်အကူ အဖြစ် သင်္ဘောရွက်ပြုတ်ရည် သောက်သုံးကြပါတယ်။ တစ်နေ့ကို ပြုတ်ရည် မတ်ခွက်တစ်လုံးကနေ နှစ်လုံးထိ သောက်သုံးတာတွေ့ရပါတယ်။ တချို့ကလည်း သတ္တုရည် (သင်္ဘောရွက်ကို ကြိတ်ပြီး ရရှိတဲ့အရည်) ဟင်းစား ဇွန်း နှစ်ဇွန်းကို ပျားရည်တစ်ဇွန်း စပ်ပြီး သောက်သုံးတာ တွေ့ဖူးပါတယ်။ ရောဂါဝေဒနာ သက်သာတာတွေလည်း တွေ့ဖူးပါတယ်။ မထူးခြားတဲ့သူလည်း ရှိပါတယ်။ အဖို ပင်နဲ့
အမပင် နှစ်ခုလုံး ဆေးဖက်ဝင်ပါတယ်။ တချို့ ဆေးဆရာကြီးတွေ အလိုကတော့ အဖိုပင်က အရွက်နဲ့ ပင်စည်မှာ အားရှိပါတယ်။ အမပင်က အပွင့်နဲ့အသီးမှာ အားရှိတယ်လို့ အယူအဆရှိပါတယ်။
ဆရာရှင့်၊ ကျွန်မက ဂျပန်နိုင်ငံမှာ နေပါတယ်။ ကျွန်မ ဖြစ်နေတဲ့ ရောဂါက ဆန်းပါတယ်။ ဂျပန်လွှိုေုပျေက (တကေးစု)ခေါ်တဲ့ နှလုံးနဲ့ဆိုင်ပြီး တစ်ကိုယ်လုံးရှိ သွေးကြောတွေ ရောင်တဲ့ရောဂါပါ။ အဲဒီလို ရောင် လာရင် အစာအိမ်ပါရောင်ပြီး နာလာပါတယ်။ ဆရာ့ရဲ့ အမေး၊ အဖြေတွေဖတ်ပြီး ပျားရည်သောက်ကြည့်ပါ တယ်။ ဆရာစားခိုင်းတဲ့ ဆန်ကိုလှော်ပြီး ပဲနီလေးနဲ့ ပြုတ်သောက်ပါတယ်။ အစာအိမ်နာ ကောင်းကောင်း သက်သာလာပါတယ်။ သမီးသိချင်တာက ဆရာရေးတဲ့ ခြေဖဝါး ဆားပွတ်ပြီး ဒူးကနေရေလောင်း ခြေဆေးရ တာကို ညအိပ်ရာဝင်ခါနီး မဟုတ်ဘဲ တခြားအချိန်တွေ လုပ်လို့မရဘူးလား ဆရာ။ ကျွန်မက ညနေ ၃နာရီ နောက်ပိုင်း   ခြေထောက်ကို   ရေထိလို့မရလို့ပါ။ ရေချိုးရင်တောင် ရေအေးဓာတ် ဖျက်ပြီးမှ ချိုးလို့ရပါ တယ်။ မနက်ရေမချိုးခင် ဆားပွတ်လို့ ရ၊ မရ သိချင် ပါတယ်။ အစာအိမ်နဲ့ သွေးကြောရောင်တဲ့ ရောဂါ အတွက်လည်း သင့်တော်မယ့် ဓာတ်စာရှိရင် ပြောပြ ပေးပါရှင့်။
ခြေဖဝါးဆားပွတ် ရေလောင်းခြေဆေးတာကို မနက် စောစောလုပ်လို့လည်း ရပါတယ်။ နွားနို့ပူပူ တစ်ခွက်မှာ နနွင်းမှုန့် ကော်ဖီဇွန်းသေးနဲ့ တစ်ဇွန်း ထည့်သောက် ကြည့်ပါ။ နနွင်းမှုန့်ချည်း ရေအေးနဲ့ သောက်ရင်လည်းရ ပါတယ်။ အခုနောက်ပိုင်း သုတေသနတွေ့ရှိချက်တွေ အရ နနွင်းမှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ် သတ္တိတွေ ပါဝင်ပြီး သွေးတွင်းသကြားဓာတ်ပါဝင်မှုကို ထိန်းနိုင်တဲ့အတွက် နှလုံးရောဂါ ဖြစ်ပွားမှုမှ ကာကွယ် ပေးပြီး နေ့စဉ်စားသုံးရင် ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အတွက်သာမက ဆေးအဖြစ်ပါ  အနောက်တိုင်းမှာပါ သုံးစွဲလာပါတယ်။ (တစ်နည်း) သွေးကြောရောင်တဲ့ရောဂါကို အုန်းစိမ်း ရည် တစ်နေ့နှစ်လုံးတိုက်တာ သက်သာဖူးပါတယ်။ အုန်းသီးအနုရည်ကို လေသလပ်ခံပြီး ခွက်နဲ့မသောက်ပါ နဲ့ ပိုက်နဲ့ စုပ်သောက်ရပါတယ်။ စမ်းကြည့်ပါ။
ဆရာကြီးရှင့်၊ သမီးအစ်မအသက်က ၃၆နှစ်ပါ။ အစား မဝင်တာ နှစ်လလောက်ရှိပါပြီ။ သွေးစစ်၊ ဆီးစစ်၊ ဘီပိုး၊ စီပိုးတွေလည်း စစ်ပြီးပါပြီ။ ဘာရောဂါမှ မတွေ့ ပါ။ အခု တစ်ပတ်အတွင်းမှာ စိတ်ကယောင်ချောက်ချား ဖြစ်ပြီး ငယ်ငယ်က အကြောင်းအရာတွေကို မနားတမ်း ပြောနေပါတယ်။ အစားကို သိပ်မစားပါဘူး။ ဘယ်လို ဆေးမျိုးတိုက်ရမယ်ဆိုတာ ညွှန်ကြားပေးပါဆရာ။
အားနည်းပြီး ပထဝီပျက်တဲ့ ရောဂါဝင်ရင် အစား မစား၊ မအိပ်ဘဲ စကားပြောလာတတ်ပါတယ်။ အားပြန် ဖြစ်အောင် နွားနို့ပူပူတစ်ခွက်မှာ သကြား ကော်ဖီဇွန်း သေး တစ်ဇွန်းရောဖျော်တိုက်ပါ။ စံပယ်ပန်းပွင့် (သို့မ ဟုတ်) ခရေပန်းကုံးကို အိပ်ရာခေါင်းအုံးနံဘေးမှာ ထားအိပ်ရင် သည်းခြေငြိမ်ပြီး အိပ်ပျော်တယ်လို့ဆိုပါ တယ်။ တိုင်းရင်းဆေးအမှတ်-၁၅ သည်းခြေဆေး ဝယ် တိုက်ပါ။
ဆရာခင်ဗျာ၊  ကျွန်တော့်အသက်က ၃၇ နှစ်ပါ။ အနည်းငယ် ဝပါတယ်။ အလုပ်လုပ်နေရင်းနဲ့ ရင် ဘတ်ထဲက စူးခနဲစူးခနဲ တစ်ချက်တစ်ချက် ဖြစ်လေ့ရှိပါ တယ်။ သက်သာမယ့် ဆေးနည်းလေး ပြောပြပေးပါ ခင်ဗျာ။
နှလုံးသွေးကြော ကျဉ်းတဲ့သူတွေမှာ ရင်ဘတ်ထဲ စူးထိုးတဲ့ ရှေ့ပြေးလက္ခဏာ ပြလေ့ရှိပါတယ်။ အဆီ၊ အဆိမ့်၊ အချိုတွေ လျှော့စားပါ။ ကြက်သွန်ဖြူကို ပျားရည်စိမ်ပြီး စားပေးပါ။ သွေးပေါင်ချိန်ကိုလည်း ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးသင့်ပါတယ်။
ဆရာရှင့်၊ သမီးအဖေ အသက်က ၄၅ နှစ်ပါ။ ညညဆို ခြေထောက်တွေ ညောင်းကိုက်ပြီး အိပ်လို့မရ ဖြစ်နေ ပါတယ်။ နှိပ်လို့မရ၊ နင်းပေးလို့လည်း မပျောက်ဘူး ဖြစ်နေပါတယ်။ ကျေးဇူးပြုပြီး ဆေးနည်းလေးတွေရှိ ရင် ပြောပြပေးပါရှင့်။
ကြက်သွန်နီဥ ထက်ခြမ်းခွဲပြီး ခြေဖဝါးပွတ်ပေးပါ။အပူထွက်သလို ခံစားလာရတဲ့အခါ ကြက်သွန်နီ ပါးပါး လှီးပြီး ခြေဖဝါးအလယ်မှာကပ် အဝတ် (ဒါမှမဟုတ်) ပတ်တီးစည်းအိပ်ပါ။
ဆရာခင်ဗျာ၊ ကျွန်တော့်အသက်က ၃ဝ ပါ။  ခါးနာနေ တာ တစ်ပတ်လောက် ရှိပါပြီ။ ဆေးနည်းလေး ညွှန်ပြ ပေးပါ ခင်ဗျာ။
မနက် နေတက်ချိန်မှာ ဒူးအထက်ပိုင်းကို ရေ ၁ဝ ခွက်လောက် လောင်းပါ။ ရေစိုပုဆိုးကို ရေကုန်အောင် ညှစ်ပြီး ခါးမှာပတ်ထားပါ။ ပြီးရင် ပက်လက်အိပ်ပြီး ခြေဖဝါးနှစ်ဖက်ကို ဆားပွတ်ပေးပါ။ ရေလောင်းလိုက်၊ ဆားပွတ်လိုက် နာရီဝက်လောက် ပြုလုပ်ပါ။ ခါးမှာပတ် ထားတဲ့ ရေစိုအဝတ်မှာ ခါးကနေ အပူတွေထွက်ပြီး ခြောက်သွားပါလိမ့်မယ်။ အဲဒီလို သုံးရက်လောက် ဆက်လုပ်ပါ။
ဆရာကြီးခင်ဗျာ၊  ကျွန်တော့်မှာ လိပ်ခေါင်းရောဂါ ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က ဝမ်းချုပ် ရာကနေစပြီး တစ်ခါတစ်ရံ သွေးပါတယ်။ အပူအစပ် စားမိတဲ့အခါ ရောင်ပြီး အပြင်ထွက်လာပါတယ်။ လိပ် ခေါင်းထွက်ရင် ဘယ်လို ကုသရမယ်ဆိုတာ ညွှန်ပြပေး စေလိုပါတယ်။
လိပ်ခေါင်းထွက်ရင် ဆားခါးကို ရေနွေးနဲ့ဖျော် ရေ အေးရောပြီး အင်တုံကြီးမှာထည့် ဖင်ထိုင်ပေးရင် ကျုံ့ ပြီး ပြန်ဝင်နိုင်ပါတယ်။ ကျားမနိုင်မြစ် သွေးလိမ်းပါ။ လိပ်ခေါင်း သွေးကျရင် ပန်းလဲပွင့်ခြောက် (ပရဆေး ဆိုင်မေးဝယ်)ကို ရေနွေးဆူဆူမှာ လက်ဖက်ခြောက် ခတ်သလို ခတ်သောက်ပေးရင် သက်သာစေပါတယ်။
ဆရာရှင့်၊ ကျွန်မ ကလေးခွဲမွေးထားတာ ငါးလရှိပါပြီ။ ချုပ်ရိုးကအခုထိ မကျက်သေးပါဘူး။ ဆေးခန်းပြတာ လည်း စုံနေပြီ။ မသက်သာပါဘူးရှင့်။ ဘာလုပ်ရမလဲရှင့်။
ကုက္ကိုရွက်ခူးပြီး ရေစင်အောင်ဆေးပါ။ ပြီးရင် ဆား ရည်စိမ်ရေထပ်ဆေးပြီးထောင်း အရည်ညှစ်ယူပါ။ အဲဒီ နောက်   သန့်စင်ထားပြီးဖြစ်တဲ့   အနာမှာလိမ်းပါ။မန်းဆေးအဖြစ် နနွင်းမှုန့်ကို ပျားရည်နဲ့ ရွေးစေ့လောက် အလုံးလေး လုံးသောက်ပေးပါ။ မနက်၊ ည သောက်ပါ။ ၁၄ရက် ပြုလုပ်ပါ။ ညှော်နဲ့အပုပ်နံ့ရှောင်ပါ။ရှောက်ရွက် နဲ့ ကြက်သား (ဗမာကြက်) သုပ်စားရင် အနာအသားနု တက်လွယ်တယ်။ ရဲယိုရွက်နဲ့ ဒန့်သလွန်ရွက် ဟင်းချို ချက်သောက်ပါ။
ဆရာရှင့်၊ သမီးနှာခေါင်း အနံ့မရတာ ကြာပါပြီရှင့်။ ဘာလုပ်ရမလဲရှင့်။
မုရိုးပင်ခေါ် ငဖြူကြီးပင် အရွက်ခြောက်ကို မီးခဲပေါ် ဖြူးပြီး ရှူပေးပါ။ ကွမ်းရွက်ကို လိပ်ပြီး နှာခေါင်းပေါက် မှာ ထည့်ရှူပေးပါ။ သံပရာသီး မီးကင်ပြီး အရည်ခပ် နွေးနွေးလေး ညှစ်ထည့်ပါ။ ကွမ်းရွက်၊ လျက်ဆား၊ ထုံး သုံးမျိုးကို ပွတ်ခြေပြီး ရှူပေးပါ။ နည်းအမျိုးမျိုးမှာ နှစ်သက်ရာ လုပ်ပါ။
မင်္ဂလာပါ ဆရာရှင့်၊  ကျွန်မ ဝမ်းချုပ်နေတာ ကြာပါပြီ။ အခုတစ်လော ဗိုက်ထဲမှာ ဘာဖြစ်နေလဲ မသိပါဘူး ဆရာ။ ထမင်းစားပြီးရင် ဗိုက်ကြီးက ဖောင်းလာပါတယ်။ ဝမ်းကောင်းကောင်း မသွားပါဘူးရှင့်။ ခေါင်းတွေမူးပြီး နေမကောင်းဖြစ်နေတာ   ဘာဆေးသောက်ရမလဲ ဆရာ။ ဒီလိုဖြစ်နေတာ နှစ်ပတ်လောက် ရှိပါပြီဆရာ။
အစာမကြေလေပွ ဖြစ်နေတာပါ။ ထမင်းစားပြီးတိုင်း ဖီးကြမ်းငှက်ပျောသီးစားပါ။ ထန်းလျက်ခဲနဲ့ တွဲစားရင် ပိုကောင်းပါတယ်။  ညအိပ်ခါနီး  မန်ကျည်းမှည့်ဖျော် ရည်မှာ ဆားခါးကိုလှော်ပြီး ဟင်းစားဇွန်း တစ်ဇွန်း ထည့်သောက်ပါ။ ဝမ်းမှန်ပြီး အစာအိမ်လေပွတာ သက်သာလာပါလိမ့်မယ်။
ဆရာခင်ဗျာ၊   အသည်းရောင်အသားဝါအတွက် မြန်မာဆေး သောက်ချင်ရင် ဘာဆေးသောက်ရမယ် ဆိုတာ ဖြေကြားပေးပါ ဆရာ။
မက်လင်သီး၊ မက်လင်ချဉ်၊ မက်လင်ခေါက် ပြုတ် သောက်ပါ။ (တစ်နည်း) တောဆီးဖြူပင် ပဉ္စငါးပါး သကြားနဲ့ ပြုတ်သောက်ရင်လည်း ပျောက်ပါတယ်။ (တစ်နည်း) ငုရွက်ကို ထန်းလျက်နဲ့ ကျိုသောက်ရင်လည်း ရပါတယ်။
ဆရာရှင့်၊ကျွန်မအသက်က ၃၂ နှစ်ပါ။ အိမ်ထောင်သက် ခုနစ်နှစ် ရှိပါပြီ။ သုံးနှစ်ခွဲအရွယ် သမီးလေးတစ်ယောက် ရှိပါတယ်။ အခု ကျွန်မဝလာပြီး ပေါင်ချိန် ၁၄ဝ ရှိပါ တယ်။ အဆီကျဗိုက်ချပ်ဆေး တစ်မျိုးဝယ်သောက်တာ သုံးဘူးရှိပါပြီ။ သိပ်မထူးခြားသေးလို့ပါ။ ကျေးဇူးပြုပြီး အဆီကျ ဗိုက်ချပ်စေမယ့် နည်းလေးပြောပြပေးပါရှင့်။
ဗိုက်အဆီ ကျချင်ရင် သက်ရင်းကြီးရွက်ပြုတ်ပြီး အတို့အမြှုပ် လုပ်စားပါ။ ရွက်နုနှစ်ရွက်ဆို ရပါတယ်။ သံပရိုသီးနှစ်လုံး အကွင်းလိုက်လှီး၊ ဆားခါး ဟင်းစား ဇွန်း နှစ်ဇွန်း၊ ပျားရည်နှစ်ဇွန်း ရေနွေးမတ်ခွက်တစ်လုံး မှာစိမ် အုပ်ထားပါ။ အအေးခံပြီး တစ်နေကုန် တဖြည်း ဖြည်း သောက်ပါ။ အဆီကျဖို့အတွက် လမ်းများများ လျှောက်ဖို့လည်း လိုအပ်ပါတယ်။
ဆရာရှင့်၊ ကျွန်မသူငယ်ချင်း လင်မယားရန်ဖြစ်တာ မျက်နှာမှာ ညိုမည်းပြီး လည်ပင်းတစ်ဝိုက်မှာလည်း လက်သည်း ကုတ်ခြစ်ရာတွေ အများကြီး ဖြစ်နေတယ် ဆရာ။ အပြင်မထွက်ရဲလို့ အလုပ်လည်း မဆင်းရဘူး။ အဲဒါတွေ အမြန်ဆုံး ပျောက်အောင် ဘာလိမ်းရမလဲ ဆရာ။
ကွမ်းသီးခြမ်း သွေးလိမ်းပါ။ ကြိတ်မှန်ရွက် အရည် ညှစ်ပြီး သနပ်ခါးနဲ့ရောလိမ်းရင်လည်း ရပါတယ်။ ညိုမည်းတဲ့  နေရာမှာ    မုန်ညင်းဆီပါးပါးလိမ်းပြီး ဆားကြပ်ထုပ်ထိုးပေးရင်လည်း အရောင်ကျစေပါတယ်။ 
ဆရာကြီးခင်ဗျာ၊ အိမ်မြှောင်တွေ မလာအောင် ဘယ်လို လုပ်ရမလဲ ခင်ဗျာ။ တစ်ခါတစ်ရံ တံခါးဖွင့်ပိတ်ရင် အိမ်မြှောင်ညှပ်မိတော့ ငရဲကြီးမှာ စိုးလို့ပါ။
ကြက်သွန်နီဥတွေ အမြင့်မှာ တင်ထားပါ။ မျက်နှာ ကြက်ရှိရင် မျက်နှာကြက်မှာထားပါ။ ငရုတ်ကောင်းမှုန့် ဖြူးထားရင်လည်းမလာပါ။ 
ဆရာကြီးရှင့်၊ တစ်ခုလောက် မေးခွင့်ပြုပါ။ သမီး ဓမ္မတာမပေါ်တာ   လေးလရှိပါပြီ။   ထိမ်နေလို့ပါ။ ဓမ္မတာလာရင်လည်း ကိုက်ပါတယ်ရှင့်။ ဆေးနည်း ညွှန်ပေးပါရှင့်။
ကြိတ်မှန်ရွက်ကို ထန်းလျက်နဲ့ ရောကျိုသောက်ပါ။ ဝှက်ချေးပနဲခေါ် တံမြတ်စည်းပင် အရိုးအရွက်များ နုပ်နုပ်စဉ်းပြီး ထန်းလျက်နဲ့ ကျိုသောက်ရင်လည်း လကျော်သွေးမပေါ်တာ ပြန်ပေါ်တတ်ပါတယ်။ ချင်း ပါးပါးလှီးပြီး ရေနွေးစိမ်အုပ်ထား မတ်ခွက်တစ်လုံးစာ  သောက်ပေးပါ။ ချဉ်၊ဖန် အရသာရှိသော ဆီးဖြူသီး၊ ဖန်ခါးသီး၊ မာလကာသီး၊ ဆီးသီးအစိမ်း စသည်များ ရှောင်ကြဉ်ပါ။
ဆရာကြီးရှင့်၊ ကျွန်မအသက်က ၄၁ နှစ်ပါ။ သမီးငယ်က ၁ဝ နှစ် ရှိပါပြီ။ သမီးမွေးပြီးကတည်းက ဓမ္မတာမှန်မှန် မလာပါဘူး။ ခြောက်လလောက်နေမှ နည်းနည်းပဲ လာပါတယ်။ မကြာခဏ တစ်ကိုယ်လုံးကိုက်ခဲပြီး ချမ်းတုန်ပါတယ်။ မီးယပ်ချမ်း ထတယ်လို့ ပြောပါတယ်။ ညဆို အိပ်မပျော်ပါဘူး။ ကျွန်မအတွက် သင့်တော်မယ့် ဆေးနည်းညွှန်ပြပေးပါ ဆရာ။
ရှားစောင်းလက်ပပ်ပါတဲ့ မီးယပ်ချက်ဆေး စားပေး ပါ။ ရှားစောင်းလက်ပပ်က မီးယပ်တုန်၊ မီးယပ်ချမ်းနဲ့ အိပ်မပျော်တဲ့ ရောဂါအတွက် သက်သာစေနိုင်ပါတယ်။ ရှားစောင်းလက်ပပ် အနှစ်ကို ဟင်းချိုချက် သောက်ရင် လည်း ရပါတယ်။ ရှားစောင်းလက်ပပ် ချက်ဆေးနည်း… ရှားစောင်းလက်ပပ် အနှစ်- ၂၅ ကျပ်သား၊ မန်ကျည်း မှည့် အနှစ်- ၂၅ ကျပ်သား၊ ထန်းလျက်အမည်း- ၅ဝ ကျပ်သား၊ ပျားရည်- ၁၅ ကျပ်သား၊ နှမ်းဆီ- ၁ဝ ကျပ်သား ဆားလှော်သင့်ရုံ မီးနွေးနွေးနဲ့ ဖြည်းဖြည်းချင်း ကျိုချက်ပါ။ လက်ကော်ရပြီး ပေါက်စေးကျမှချပါ။ ဖန်ပုလင်းမှာ ထည့်ပြီး နေပြပြပေးပါ။ ဟင်းစားဇွန်းနဲ့ မနက်၊ ည ရေအေးနဲ့ နှစ်ကြိမ်စားပါ။

No comments:

Post a Comment